Friday, June 19, 2015

နိုင်ငံတော် သီချင်းကို စတင်ခဲ့သူ (သို့မဟုတ်) ဝိုင်အမ်ဘီ သခင်တင်

ဝိုင်အမ်ဘီ သခင်တင် 

* ၀ိုင်အမ်ဘီ ဆရာတင်ကို ခရစ်နှစ် ၁၈၉၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်နေ သီပေါမင်း၏ အမှုထမ်း သွေးသောက်ကြီးဟောင်း ဦးရန်အောင်နှင့်ဇနီး ဒေါ်သိန်းတို့ ဖြစ်သည်။ ငယ်နာမည်မှာ မောင်တင်ဖြစ်ပြီး မွေးချင်း ၃ ဦးအနက် အလတ်ဖြစ်သည်။ အစ်မမှာ မမိ ဖြစ်ပြီး ညီမမှာ မငါ့မ ဖြစ်သည်။



* မောင်တင် အသက် ၇ နှစ် အရွယ်တွင် မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာ့နုဂ္ဂဟ (B.T.N.) ကျောင်းတွင် "၇" တန်းအထိ ပညာသင်ယူခဲ့ပြီး "၇" တန်း အောင်မြင်ပြီးနောက် ကယ်လီကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။ ကယ်လီကျောင်းမှ ၁၉၀၉ ခုနှစ် အသက် “၁၇” နှစ်အရွယ်တွင် ဒသမတန်း အောင်မြင်ခဲ့သည်။

* ဒဿမတန်း အောင်မြင်ပြီးနောက် ပထမဦးစွာ အလွတ်ပညာသင်ကျောင်းတွင် ကျောင်းဆရာ လုပ်ခဲ့
သည်။
၁၉၁၈ ခုနှစ်ခန့်တွင် မန္တလေးမြို့ ၈၄ လမ်း နှင့် ၃၆ လမ်းထောင့်တွင် ဗုဒ္ဓဘာသာ လူငယ်များကျောင်း (Young Men Buddhist) ကို ကိုယ်တိုင်ဖွင့်ခဲ့သည်။ ထို့ကြောင့် ၀ိုင်အမ်ဘီ ဆရာတင် အမည် ဖြစ်လာခဲ့
သည်။ မိမိကိုယ်တိုင်လည်း ဂီတပညာကို လေးလေးနက်နက် လိုက်စားဆည်းပူး သင်ယူခဲ့သည့်အပြင် မိမိ၏ တပည့်များကိုလည်း ဂီတပညာ သင်ကြားပေးရင်း ၀ိုင်အမ်ဘီ တူရိယာဝိုင်း တည်ထောင်ခဲ့သည်။

*ထို့နောက်တွင် ကျောင်းဆရာမလုပ်တော့ဘဲ ဂီတနယ်သို့ ခြေစုံပစ်ဝင်ခဲ့ပြီး သီချင်းရေးဆရာလုပ်ခဲ့သည်။
ကလေးတစ်ယောက်မိခင် တစ်ခုလပ် မသီတာနှင့် အိမ်ထောင်ကျသည်။ မသီတာမှပါလာသော ၅ နှစ်အ
ရွယ်သား မောင်စောနောင်မှာ အသက် ၁၄ နှစ် အရွယ်တွင် သေဆုံးသွားခဲ့သည်။
ဆရာတင်မှာ မသီတာနှင့် သားသမီး မထွန်းကားခဲ့ပါ။

*သီချင်းရေးရာတွင် မန္တလေးမြို့၌သာမက ရန်ကုန်မြို့တွင်ပါ ဆင်း၍ ရေးခဲ့ရသည်။ အသံတိတ် ရုပ်ရှင်
ဇာတ်ကားများအတွက် သီချင်းများ၊ ရန်ကုန်ဓာတ်ပြား ကုမ္ပဏီများအတွက် သီချင်းများ ရေးပေးခဲ့ရသည်။ ဆရာတင်ရေးခဲ့သော ကာလပေါ်သီချင်းပေါင်း လေးထောင်ကျော် ငါးထောင်နီးပါးရှိသည်ဟု သူ၏တပည့်
များက ပြောကြသည်။

* ရန်ကုန်ဆင်း၍ သီချင်းရေးရင်း B.T.N ကျောင်းတွင် ကျောင်းနေဖက်ဖြစ်ခဲ့ဖူးသော သခင်ဘသောင်းနှင့် ပေါင်းမိသည်။ တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်ပြီးနောက် ၀ိုင်အမ်ဘီ သခင်တင် ဖြစ်လာသည်။ သခင်ဘသောင်း၏ တိုက်တွန်းချက်အရ “တို့ဗမာ” သီချင်းကို ရေးခဲ့သည်။

* သခင်ဘသောင်း၏ ပြောပြချက်အရ “တို့ဗမာ” သီချင်း၏ တီးလုံး တီးကွက်ကို သခင်တင်က ဘာဂျာဖြင့် အသံရှာ၍ တီထွင်ပေးခဲ့သည်။ သီချင်းထဲတွင် ပါသော အမျိုးသား ချစ်ခင်ရေးသဘော၊ နိုင်ငံရေးသဘော၊ တစ်မျိုးသားလုံး ကျင့်ကြံရေးသဘော စသော အယူအဆများကို သခင်ဘသောင်းက ကြံစည် စိတ်ကူးပေးခဲ့သည်။ သီချင်းရေးစပ်ပြီးသော် သခင်လှဘော်နှင့် သခင်သိန်းမောင်တို့ပါ စုပေါင်းဝေဖန်၍ ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးခဲ့ကြသည်။

 သီချင်းကို သခင်တင်၏ သီချင်းရေးနေကျမူအတိုင်း ရေးသူ၏ အမည်ကို မထည့်ပဲထားခဲ့ရာ “တို့ဗမာ” သီချင်းကို ပုံနှိပ်ထုတ်ဝေသောအခါတွင်မှ “တို့ဗမာ အစည်းအရုံး၏ အစီအရင်ကိုခံ၍ ၀ိုင်အမ်ဘီ သခင်တင် စပ်ဆိုသည်” ဟု ခေါင်းစဉ် တပ်ပေးခဲ့ရသည်။

*“တို့ဗမာ” သီချင်းကို ၁၉၃၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ ရာဟုထောင့် တန်
ဆောင်း၌ ဆရာတင်ကိုယ်တိုင်သီဆိုခဲ့သည်။
 “တို့ဗမာ” သီချင်း၏ အစချီစကားမှာ “တကောင်းအဘိရာဇာ သာကီမျိုးဟာမို့” ဟူ၍ ဖြစ်သည်။

*သီချင်းတွင် အပိုဒ် ၄ ပိုဒ် ပါရှိသည်။ တတိယ အပိုဒ်တွင် သံပြိုင်သီဆိုရန်မှာ ဤသို့ဖြစ်၏။
 o “(သံပြိုင်) ကမ္ဘာမကြေ၊ ဗမာတွေ (ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ ပြည်) ၃
o (တို့ဗမာ)၂ ပြည် ကို တိုင်းသားအကုန်အစင် .. တို့ပြည်လို့ မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာသခင်”

 * ၀ိုင်အမ်ဘီ သခင်တင်နှင့် သခင်ဘသောင်းတို့သည် မိမိတို့၏ တီးဝိုင်းသားများနှင့် “တို့ဗမာ” သီချင်းကို အလှူမင်္ဂလာမှအစ အသုဘအဆုံး အခွင့်အရေးရတိုင်း သီဆိုခဲ့ကြ၏။ ၁၉၃၆ ခုနှစ် ဇူလိုင်လတွင် မြင်းခြံမြို့၌ ကျင်းပခဲ့သော “တို့ဗမာ” အစည်းအရုံး၏ ဒုတိယအကြိမ်မြောက် ညီလာခံတွင် “တို့ဗမာ” သီချင်းကို အမျိုးသားသီချင်းအဖြစ် ထပ်မံ၍ ဆုံးဖြတ်ချက် ချမှတ်အတည်ပြုခဲ့သည်။

*သခင်တင်သည် သီချင်းအများအပြားရေးရင်း ရုပ်ရှင်နယ်သို့ ရောက်သွားသည်။ “ဗိုလ်ဆင်တောင်” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာလုပ်၍ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် လွိုင်ကော်ဘက်သို့သွား
၍ရိုက်ကူးနေစဉ် ဇနီးဖြစ်သူက ခွင့်မလွှတ်နိုင်သော အိမ်ထောင်ရေးပြစ်မှု ကျူးလွန်မိသဖြင့် ကွာရှင်းခဲ့ရ
သည်။
သခင်တင်မှာ အလွန်စိတ်ဆင်းရဲ၍ ရန်ကုန်မြို့သို့ဆင်းလာကာ အရက်သေစာ သောက်စားပြီး စိတ်သက်
သာသလိုနေခဲ့သည်။ ၀င်ငွေများစွာ ရရှိသော်လည်း သုံးဖြုန်း၍သာကုန်ခဲ့သည်။

* ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရက သခင်တင်၏ “တို့ဗမာ” သီချင်းမူကို ယူ၍ အမျိုးသားသီချင်း စပ်ဆိုသောအခါ ဆုတော်ငွေ တစ်ထောင်ကျပ် ပေးခဲ့သည်။ သခင်တင်မှာ ပုသိမ်ဖက်သို့ ခရီးလွန်နေစဉ် အခြားသူတစ်ဦးက အမည်လိမ်ဖြင့်ငွေကို ထုတ်ယူသွားခဲ့သည်။ “တို့ဗမာ” သီချင်းကို အမျိုးသားသီချင်းအဖြစ် ပြင်ဆင်ရေးသားရာတွင် သခင်တင်ကို ဖိတ်ခေါ်ခဲ့သော်လည်း မကျန်းမာသောကြောင့် မတက်ရောက်နိုင်ခဲ့ပါ။ အခြား သီချင်းရေးဆရာများက စုပေါင်း၍ စပ်ဆိုခဲ့ကြသည်။

*၁၉၄၈ ခုနှစ်အတွင်း သခင်တင်မှာ တီဘီရောဂါနှင့်င့် ကိုယ်ရောင်ရောဂါကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆင်းရဲစွာ တက်ရောက်ဆေးကုမှုခံယူခဲ့ရာ ဆေးရုံရောက်ပြီး နောက်တစ်နေ့ (နေ့ရက်အတိအကျမသိ) အသက် ၅၅ နှစ်အရွယ်ခန့်တွင် ကွယ်လွန်သွားခဲ့သည်။

 *ဆေးရုံတွင် အသုဘရှင် မရှိသောကြောင့် သခင်ထွန်းဖေက အသုဘရှင်အဖြစ် ကြံတောသုသာန်တွင်
 မြေမြုပ်သဂြိုဟ်ပေးခဲ့ရသည်။ အသုဘပို့သူ အနည်းငယ်တွင် အေ၀မ်းဦးတင်နွယ်၊ ဦးညီပု၊ ဦးတင်ယု၊ ဦးချင်းစိန်(ရွှေညာမောင်)တို့ ပါဝင်ခဲ့သည်။

* သခင်တင် ကွယ်လွန်ပြီးနောက် ၂ နှစ်မြောက် ဒုတိယအကြိမ် မြန်မာပြည် လွတ်လပ်ရေးနေ့တွင် နိုင်ငံ
တော်သမ္မတကြီးက သခင်တင်ကို ၀ဏ္ဏကျော်ထင်ဘွဲ့နှင့် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ရာ တူမအရင်း ဒေါ်သက်
ရှည်က မျက်ရည်ရွှဲလဲဖြင့် ကိုယ်စား လက်ခံရယူခဲ့သည်။

*ချီးမြှင့်သော ရွှေတံဆိပ်မှာ သုံးကျပ်မူးတင်းသား ရှိသည်။ ၎င်းတံဆိပ်ကို နောင်လာနောက်သားတို့အတွက် အမှတ်တရ သိမ်းဆည်းထားသင့်သော်လည်း ဆင်းရဲနွမ်းပါးသော ဆရာတင်၏ အစ်မအရင်း ဒေါ်မိမှ မွေး
ဖွားသော တူ၊ တူမအရင်း ဒေါ်သက်ရှည်၊ ဒေါ်အေးသာနှင့် ဦးဘရီတို့က ထုခွဲရောင်းချကာ အချိုးကျ ခွဲဝေ
သုံးစွဲခဲ့ကြသည်။

* ၁၉၇၄ ခုနှစ်၌ အခြေခံ ဥပဒေသစ် ရေးဆွဲသည့်အခါတွင်လည်း အမျိုးသားသီချင်းကို အသစ်မရေးတော့
ဘဲ သီချင်းဟောင်းကို ပြင်ဆင်သုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။ “ဗမာ” ဟူသော စကားရပ်အစား တစ်မျိုးသား
လုံးပါ အကျုံးဝင်သော “မြန်မာ” ဟူသော စကားလုံးကို သုံးရန် အားလုံးက သဘောတူကြသည်။Copy from http://ucsycyber.grou.ps/wiki/item/324859

----------------------------------------------------------------------------------
----------------------------------------------------------------------------------
----------------------------------------------------------------------------------
နိုင်ငံတော်သီချင်းရှင်းတမ်း 
 
 မြန်မာ့တေးဂီတသမိုင်းတွင် စွမ်းအင်အထက်မြက်ဆုံးသော တေးတစ်ပုဒ် (သို့မဟုတ်) လူတိုင်းသီဆိုရန် တေးသွားနှင့် သံစဉ်ပါ ခက်ခဲလှသော တေးတစ်ပုဒ်သည် ယနေ့ "နိုင်ငံတော်သီချင်း" ဟု သတ်မှတ်ထားသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။

၁၉၄၁ မှ ၁၉၄၆ ခုနှစ်သို့တိုင်အောင် ကာလအတွင်း ဘီအိုင်အေ၊ ဘီဒီအေ၊ မျိုးချစ်ဗမာ့တပ်မတော်၊ ဖဆပလအဖွဲ့ကြီး စသည်ဖြင့် အမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုပုံသဏ္ဌာန်များ အဆင့်ဆင့်ပြောင်းလဲခဲ့ရာ အမျိုးသားဂီတစစ်ကြောင်း အနေဖြင့်လည်း ၁၉၄၆ ခု မတ်လ ၁၆ ရက် ဗဟန်း နေသူရိန်ရုံကြီးတွင် ဆရာကြီး ဒီးဒုတ်ဦးဘချို၊ ဂီတမိခင်ကြီး ဒေါ်စောမြအေးကြည် တို့ဦးဆောင်ကာ "မြန်မာနိုင်ငံတော် တူရိယာဂီတအဖွဲ့ချုပ်ကြီး" ကို ဖွဲ့စည်းလိုက်ရာ အမှုဆောင်များမှာ-
ဥက္ကဋ္ဌ - ဒေါ်စောမြအေးကြည်
ဒု/ဥက္ကဋ္ဌ - ဦးမောင်ကလေး (လမ်းမတော်)
အတွင်းရေးမှူး - တက္ကသိုလ်စိုး
ဒု/အတွင်းရေးမှူး - ဒဂုံဆရာတင်၊ ဦးဟန်ဝင်း
ဝါဒဖြန့်နှင့်ပြန်ကြား - ကက်နက်စိန်
ဘဏ္ဍာရေးမှူး - ဒေါ်လှရွှေ (မိုးဒေ၀ါ)
စာရင်းစစ် - ဦးဗစောကြည်
လူမျိုးခြားဖွဲ့စည်းရေး - မစ္စတာဘိန်ဟုတ်
ရပ်ဝေးဖွဲ့စည်းရေး - ဦးလှတင်
အမျိုးသမီးဖွဲ့စည်းရေး - ဒေါ်ရင်ရင်၊ ဒေါ်မေချစ်၊ ဒေါ်ကြည်ကြည်
အမှုဆောင်အဖွဲ့ဝင်များ - ဦးစိန်းမောင်၊ ဦးဘသန်း၊ စိန်ဝေလျှံ၊ ရွှေတိုင်အေး၊ ရွှေပြည်အေး၊ အေ၀မ်းဦးခင်မောင်၊ ရန်နိုင်စိန် တို့ ဖြစ်ကြသည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်တွင်ကျင်းပမည့် တိုင်းပြည်ပြုလွှတ်တော်အမီ နိုင်ငံတော်သီချင်းတစ်ပုဒ်ရေးသားရန် နိုင်ငံတော်မှ မြန်မာနိုင်ငံတော်တူရိယာ ဂီတအဖွဲ့ချုပ်ကြီးကို တာဝန်ပေးအပ်လာသည်။ ဤကိစ္စကိုဆွေးနွေးရန် ဂီတအဖွဲ့ချုပ် အမှုဆောင်များသည် မြိုင်ဇာတ်ရုံအသင်းတိုက်တွင် ကျင်းပသည်။ အမှုဆောင်နှစ်ဆယ့်တစ်ဦး ရှိသည့်အနက် ခုနစ်ဦးသာ တက်ရောက်သည်။ ပြင်ပ,ပညာရှင် သီချင်းရေးဆရာ ဂီတာသောင်း တက်ရောက်လာ၍ တက်ရောက်လာသူအားလုံး ရှစ်ယောက်ဖြစ်သွားသည်။ ထို့ကြောင့် ဤရှစ်ဦးတို့အား နိုင်ငံတော်သီချင်းရေးရန် တာဝန်ကိုပေးအပ်လိုက်သည်။ သို့သော် အမှုဆောင်တစ်ဦးဖြစ်သည့် ဂီတာဦးစိန်းမောင်သည် ထိုနေ့၏ အစည်းအဝေးကို မတက်ရောက်နိုင်သောကြောင့် ခွင့်စာတင်ထားရာ ဆရာရန်နိုင်ဆွေကို အမှုဆောင်အဖွဲ့သို့သွင်း၍ တိုးချဲ့ဖွဲ့စည်းလိုက်လျှင် နိုင်ငံတော်သီချင်းရေးရမည့်အဖွဲ့သည် ကိုးဦးဖြစ်သွားလေသည်။

ထို့နောက် ဆရာစိန်မြမောင်ကလည်း သူပါဝင်လိုကြောင်း ကိုယ်တိုင်ဆန္ဒပြုလာသဖြင့် အဖွဲ့ဝင်ဆယ်ဦးဖြစ်သွားကာ တစ်ဦးလျှင် တစ်ပုဒ်စီရေးကြသောကြောင့် ဆယ်ပုဒ်ဖြစ်လာပါက ရွေးချယ်ရခက်တော့မည်ဟု တွေးမိကာ အုပ်စုသုံးစုခွဲ၍ သုံးပုဒ်ရေးသားတင်ပြရန် ညှိနှိုင်းသဘောတူလိုက်ကြသည်။ သို့နှင့် ဒဂုံဆရာတင်၊ ဆရာရန်နိုင်ဆွေ၊ ဆရာရန်နိုင်စိန်တို့က တစ်ဖွဲ့၊ ဆရာရွှေပြည်အေး၊ တက္ကသိုလ်စိုး၊ ဒေါ်စိန်ပါတီ၏ခင်ပွန်း ဦးဘသက်စသည့် သုံးဦးကတစ်ဖွဲ့၊ ဂီတာသောင်း၊ စောင်းဦးဘသန်း၊ စိန်ဝေလျှံ၊ စိန်မြမောင်တို့ လေးဦးကတစ်ဖွဲ့ စသည်ဖြင့် နိုင်ငံတော်သီချင်းကို ရေးကြလေသည်။

အချိန်တန်သောအခါ အဖွဲ့သုံးဖွဲ့မှ ရေးသားလာသော နိုင်ငံတော်သီချင်းသုံးပုဒ်ကို တိုင်းပြည်ပြုလွှတ်တော်သို့ တင်ပြကြသည်။ သို့သော် နားထောင်စိစစ်ပေးရသည့် အဖွဲ့ဝင်လူကြီးများက နားတွင်မတွေ့၊ မည်သို့မျှ နားမစွဲ၍ ဘ၀င်မကျသောကြောင့် သီချင်းရေးသားကြသူ ဆယ်ဦး၏ကိုယ်စား "ဒဂုံဆရာတင်၊ ဆရာရန်နိုင်စိန်၊ မြန်အောင်ဦးတင်၊ ၀န်ကြီး ဗိုလ်ခင်မောင်လေး" စသည့် လေးဦးအဖွဲ့က ဆွေးနွေးညှိနှိုင်းကြကာ ၀ိုင်အမ်ဘီသခင်တင် သီဆိုခဲ့သည့် တို့ဗမာသီချင်း "တကောင်းအဘိရာဇာ" အစချီ တတိယအချိုး "အမျိုးသားရေးမို့ ကြိုးပမ်းကြပါ" ဟူသော အပိုဒ်မှ စတင်လျက် သံပြိုင် ကမ္ဘာမကြေအဆုံးထိအောင်သော တေးသွားကိုယူ၍ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် စာသားများကို ပြောင်းလဲထည့်သွင်းကာ နိုင်ငံတော်သီချင်းကို ပြုစုခဲ့ကြသည်။

နိုင်ငံတော်သီချင်း
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြေ တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ တို့ပြေ တို့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ xxx
သံပြိုင်။ (ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ)၂ ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ၊ တို့ပြေ တို့မြေ၊ အကျိုးကို ညီညာစွာတို့တစ်တွေ ထမ်းဆောင်ပါစို့လေ၊ တို့တာဝန်ပေ အဖိုးတန်မြေ xxx

၁၉၆၅ ခုနှစ် ဇူလိုင်လကုန်လောက်တွင် တို့ဗမာသီချင်း (၃၅)နှစ်နှင့် ၀ိုင်အမ်ဘီသခင်တင် အထိမ်းအမှတ်ပွဲကြီးကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဓီခန်းမကြီးတွင် တို့ဗမာအစည်းအရုံး သမိုင်းပြုစုရေးကော်မတီနှင့် ဂီတအနုပညာရှင်များ ကြီးမှူးကျင်းပခဲ့သည်။ ထိုပွဲတွင် တို့ဗမာသီချင်းကို မူမှန်စစ်စစ်ဖြင့် သီဆိုပြနိုင်ရန်အတွက် ကြိုးစားခဲ့ရသည်။ ၀ိုင်အမ်ဘီသခင်တင်ကိုယ်တိုင် ဆိုခဲ့သည့် တို့ဗမာသီချင်းဓာတ်ပြားကိုလည်း ရှာခဲ့ကြရာ မရခဲ့ပေ။

တီးဝိုင်းခေါင်းဆောင် စိန်စတင်းကို ဆရာစောင်းဦးဘသန်း၊ ဆရာဂီတာဦးစိန်မောင်တို့က တို့ဗမာသီချင်း မူမှန်ဖြစ်အောင် ကြိုးစားပြီး တိုက်ပေးကြသည်။ တို့ဗမာသီချင်းကို စင်ပေါ်တက်ဆိုမည့် (ဦး)ရွှေညာမောင်နှင့် သံပြိုင်အပိုဒ်ကို သီဆိုမည့် စာရေးဆရာမကြီး (ဒေါ်)ကြည်ဦး၊ ဒေါ်ကြည်ကြည်ဝင်းတို့ကို ဆိုင်းဝိုင်းနှင့် စည်းချည်းတီးပြီး လေ့ကျင့်ပေးကြရသည်။

အခမ်းအနားကြီးစသောအခါ သခင်ဘသောင်းက တို့ဗမာသီချင်းအဓိပ္ပါယ်ကို ရှင်းပြသည်။ ပြီးလျှင် (ဦး)ရွှေညာမောင်က ဆိုတော့သည်။ မျိုးချစ်စာဆိုကြီး ၀ိုင်အမ်ဘီသခင်တင်၏ နိုင်ငံတော်သီချင်းတေးသွားကား ယနေ့ ၂၀၁၀ ခုနှစ်အထိ ဆိုပါလျှင် အနှစ် (၈၀)တင်းတင်း ရှိခဲ့ပေပြီ။

ဤမျှလောက်ဆိုပါလျှင် နိုင်ငံတော်သီချင်းကို ဘယ်သူရေးစပ်ခဲ့သလဲဆိုသော (၇)ရက် သတင်းဂျာနယ် ဇန်န၀ါရီ (၇)ရက်၊ ၂၀၁၀ ခုပါ ဆောင်းပါးရှင်း တက္ကသိုလ်စိုးမိုး သဘောပေါက်သင့်ပြီဟု ထင်ပါသည်။

သမိုင်းဟူသည် လုပ်ကြံ၊ လီဆယ်၊ ဖန်တီး၊ ပြောဆိုရေးသားအပ်သောအရာ မဟုတ်သလို ဖြစ်လေရော့သတည်းဟူ၍ ဥုံဖွမန်းရသည့်အရာလည်း မဟုတ်ပါ။ ဤ "နိုင်ငံတော်သီချင်းရှင်းတမ်း" စာမူကို ဂီတစာဆို ဆရာရန်နိုင်ဆွေ၊ ဂီတစာဆို ဆရာရန်နိုင်စိန်၊ စာရေးဆရာမကြီး (ဒေါ်)ကြည်ဦး၊ စာရေးဆရာကြီး (ဦး)သုခမိန်တို့ ပြောပြချက်များအပေါ်မူတည်၍ သမိုင်းမူမှန်ဖြစ်စေလိုသော စေတနာဖြင့် ရှင်းတမ်းထုတ်လိုက်ရပါပေသည်။

(၂၀-၁-၂၀၁၀ ရက်နေ့ထုတ် News Watch စောင့်ကြည့် ဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)


----------------------------------------------------------------------------------
----------------------------------------------------------------------------------
----------------------------------------------------------------------------------
တချို့ကလည်း ဒီလိုဆိုတယ်

သီချင်းရေးစပ်တဲ့သူက စိန်မြမောင် ဖြစ်ပြီး ဦးနုရဲ့တာဝန်ပေးချက်အရ ဦးနုရဲ့အိမ်မှာပဲ ရေးစပ်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး သီဆိုသူကတော့ ရွှေညာမောင် ဖြစ်ပါတယ်ခင်ဗျာ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှာ နိုင်ငံတော်အလံကို လွှင့်တင်ရမှာ ဖြစ်သည့်အတွက် ထိုနေ့တွင် နိုင်ငံတော်အလံတင် အခမ်းအနားမှာ သီဆိုဖို့ သီချင်းတစ်ပုဒ် လိုအပ်လာပါတယ် ။ သည့်အတွက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက လွတ်လပ်ရေး အလံတင် အခမ်းအနားမှာ သီဆိုဖို့ သီချင်း တစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွန့်အား ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောဆိုခဲ့ပါတယ်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွန့် ကွယ်လွန်သွားပြီ ဖြစ်သည့်အတွက် မရှိတော့ကြောင်း အကြောင်း ပြန်ကြားခဲ့ရာ ဦးနုက တခြားတေးရေးဆရာများနှင့် တိုင်ပင် ရေးသားပေးရန် ဦးစိန်မြမောင်အား ထပ်မံ တာဝန်ပေးအပ်လိုက်ပြန်ပါတယ်။

ဦးစိန်မြမောင်က ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်အောင်နှင့် ဆရာရန်နိုင်စိန် တို့ကို လိုက်လံ ခေါ်ဆောင် ခဲ့ရပါတော့တယ်။ သူတို့အားလုံး စုဝေးရောက်ရှိလာပြီး သီချင်းရေးစပ်ဖို့ တိုင်ပင်ရာ၊ ဆရာဦးစိန်ဝေလျှံနှင့် စောင်းဦးဘသန်းတို့ တစ်ယောက်နှင့်တစ်ယောက် စကားများ ရန်ဖြစ်ကြရာမှ သီချင်းရေးဖို့ အစီအစဉ် ပျက်ပြား ခဲ့ရပါတော့တယ်။ နောက်ထပ် သီချင်းရေးစပ်ဖို့ မည်သူ့ကိုမျှ စည်းရုံး၍မရဘဲ ဖြစ်ခဲ့ရပြီး အကြောင်းစုံကို ဦးစိန်မြမောင်က ဦးနုထံတင်ပြရာ ဦးနုက ဦးစိန်မြမောင် တစ်ယောက်တည်း ရေးနိုင်က ရေးပေးစေလိုကြောင်း ပြောကြား တာဝန် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်တာဝန် ဖြစ်သည့်အတွက် ဦးစိန်မြမောင်က ရဲဝံ့စွာ တာဝန်ယူ၍ "တရားမျှတ၊ လွတ်လပ်ခြင်းနဲ့မသွေ" အစချီ "ကမ္ဘာမကြေ" သီချင်းကို ဦးနုအိမ်တွင် တစ်ယောက်တည်း ရေးသား စပ်ဆိုခဲ့ရတာ ဖြစ်ပါတယ်။

ထိုသို့ ရေးသားစပ်ဆိုရာ၌ ၀ိုင်အမ်ဘီဆရာတင်၏ "ဒို့ဗမာ" သီချင်း သံစဉ်စာသားများကို အခြေခံ၍ "တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ" အစချီ၊ ပထမ ခြေဆင်းပိုဒ်နှင့် "ကမ္ဘာမကြေ" ဒုတိယသံပြိုင်တို့ကို ရက်ပိုင်းအတွင်း ပြီးစီးအောင် ရေးသားခဲ့နိုင်ပါတယ်။ သီချင်းအစအဆုံး တစ်ပုဒ်လုံးကို ဆရာဇော်ဂျီ ဦးဆောင်သော အကဲဖြတ်အဖွဲ့က သီချင်းစာသားများ၊ တစ်လုံးချင်း အသေးစိတ် စိစစ်ပြီး သီချင်းကို အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ အကဲဖြတ်အဖွဲ့က အတည်ပြုပြီးနောက် ၀န်ကြီးအဖွဲ့နှင့် လွှတ်တော်အဖွဲ့ နှစ်ရပ်စလုံးကပါ ထပ်ဆင့် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဤသို့ အဆင့်ဆင့် အတည်ပြုပြီးသော "ကမ္ဘာမကြေ" သီချင်းကို မြန်မာ့အသံမှ ဒါရိုက်တာ ဦးခင်ဇော်က မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော အမေရိကန် တီးဝိုင်းတစ်ခု၏ အကူအညီဖြင့် အသံသွင်းခဲ့တာ ဖြစ်ပြီး သီချင်းသီဆိုသူက အဆိုတော် ရွှေညာမောင် ဖြစ်ပါတယ်ခင်ဗျာ။

ဤသို့ဖြင့်

"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ… တို့ပြေ၊ တို့မြေ…. များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ၀ါဒဖြူစင်တဲ့ပြည်… တို့ပြည်…. တို့မြေ… ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ… အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ...." "ကမ္ဘာမကြေ… မြန်မာပြည်… တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ… ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ… ဒါတို့ပြည်… ဒါတို့မြေ… တို့ပိုင်တဲ့မြေ….. တို့ပြည်…. တို့မြေ…. အကျိုးကို…… ညီညာစွာတို့တတွေ… ထမ်းဆောင်ပါစို့လေ… တို့တာဝန်ပေ…. အဖိုးတန်မြေ" ဟူသော ဤ "ကမ္ဘာမကြေ" သီချင်းသည်

မြန်မာ့လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် ယူနီယံဂျက်အလံဖြုတ်ချ၍ မြန်မာနိုင်ငံတော်အလံ လွင့်ထူရမည့်အချိန်၌ သီဆိုရမည့် နိုင်ငံတော်သီချင်း ဖြစ်လာပါတော့တယ်။ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ပေးအပ်ရာတွင် ဦးစိန်မြမောင်သည် ဤကမ္ဘာမကြေသီချင်းဖြင့် ၀ဏ္ဏကျော်ထင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပြီး ဦးစိန်မြမောင်က သူမကွယ်လွန်မီ ဤ ကမ္ဘာမကြေသီချင်းကို သူရေးစပ်ခဲ့ကြောင်း ခိုင်မာသော အထောက်အထားတို့ဖြင့် တင်ပြနိုင်ခဲ့သဖြင့် ယနေ့နိုင်ငံတော်က သူ့အား ၀ိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်) ချီးမြှင့်ပေးအပ်ခဲ့ခြင်းကို ခံခဲ့ရသော လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပါတယ်။
----------------------------------------------------------------------------------
----------------------------------------------------------------------------------
----------------------------------------------------------------------------------
တို့ဗမာ သီချင်း


တကောင်းအဘိရာဇာ၊ တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊

ယိုးဒယားနဲ့ကုလားကိုပါ တိုက်ထုတ်ခါ…..အောင်ခဲ့တာ တို့ဗမာ

စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျှက်၊ ထင်းတစ်လှည့်ကြုံရ၊ ထုံးနှင့်မသွေ

လောကဓမ္မတာပေ၊ ငါတို့ကံခေ–ဖြစ်ရပြန်သလေ။

သို့သော်………….

အရင်းကိုစစ်လျှင်ဗမာပြေ၊ငါတို့…ငါတို့ပြေ။

နောင်…ဥဒါန်း…ဘယ်မကြေစရာ..၊ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊

ကမ္ဘာတစ်ခွင်မှာဖြင့်၊ ဗမာအထင်အရှား ၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား

တို့ဗမာ…၊ တို့ဗမာမဟုတ်လေသလား၊ (တို့ဗမာ-ငါတို့ဗမာ)၂

(ဒါ..ငါတို့ဗမာ)၂ အား…လုံး…ညီညီ ၊ယောက်ျားဘသား တို့ဗမာ နောင်လာနောင်သား

ကောင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးဝမပါ။ ရဲရဲဗမာပီပီ ဗမာပြေ တို့ဗမာဖို့ပါ၊ သခင်ကျင့်ကို ကျင့်ကြပါ၊

သခင်မျိုးဟေ့….တို့ဗမာ၊ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့၊ စာမရီသွေးတို့ဗမာ။

(သံပြိုင်) ကမ္ဘာမကြေ–ဗမာတစ်တွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ)၃

(တို့ဗမာ)၂ပြေ ကို...တိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်၊တို့ဝတ္တရားပင် တို့ဗမာခင်။

အမျိုးသားရေးကျိုးပမ်းကြပါ၊ တို့ဗမာဟေ့..တို့ဗမာ၊သြော်-အမျိုးသားရေးကိုကျိုးပမ်းကြပါ

တို့ဗမာ..ဟေ့တို့ဗမာ။ အရှေ့ကနေ၀န်းထွက်သည့်ပမာ၊ တို့ခေတ် ကို ရောက်ရမည် မလွဲပါ၊

တို့ဗမာ..ဟေ့တို့ဗမာ၊ဗမာပြည်တစ်ဝှန်းအကုန်၊ တို့အိမ်မှတ်ပါ၊တို့ယာမှတ်ပါ၊ အဲဒါတို့ဗမာ။ ။

No comments:

Post a Comment